သားအိမ်ပြင်ပ၌ သန္ဓေတည်ခြင်း (Ectopic Pregnancy) - ဆရာဇီဝက(မြန်မာတိုင်းရင်းဆေးများ)

Latest Posts

ဆရာဇီဝက(မြန်မာတိုင်းရင်းဆေးများ)

The first wealth is health 4U(The Collection of Health Tips)

pCloud Premium

Post Top Ad

Your Ads Here - Contact - 09421157911, 09794426154, 09253351244

Post Top Ad

Wednesday, January 31, 2018

သားအိမ်ပြင်ပ၌ သန္ဓေတည်ခြင်း (Ectopic Pregnancy)


သန္ဓေအောင်ပြီးတဲ့မျိုးဥက သားအိမ်အတွင်းမှာမဟုတ်ဘဲ အခြားနေရာတွေမှာ သန္ဓေတွယ်ခြင်းကို သားအိမ်ပြင်ပ၌သန္ဓေတည်ခြင်းလို့ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင်ခြင်းက သန္ဓေအောင်တဲ့မျိုးဥကနေ အစပြုပါတယ်။ ပုံမှန်အားဖြင့် သန္ဓေအောင်တဲ့ဥက သားအိမ်နံရံမှာ အလိုအလျောက်တွယ်ကပ်ပါတယ်။

        သားအိမ်ပြင်ပ၌သန္ဓေတည်ခြင်းက အများအားဖြင့် မမျိုးဥကို သားဥအိမ်ကနေ သားအိမ်ဆီကိုပို့ပေးတဲ့ သားဥပြွန်တစ်ခုခုမှာ ဖြစ်လေ့ရှိပါတယ်။ ဒါကို သားဥပြွန်တွင်သန္ဓေတည်ခြင်းလို့ခေါ်ပါတယ်။ တစ်ခါတစ်ရံမှာ ဝမ်းခေါင်းတွင်း၊ သားဥအိမ်နဲ့ သားအိမ်ခေါင်းမှာ သန္ဓေတည်တတ်ပါတယ်။

       သားအိမ်ပြင်ပ၌သန္ဓေတည်ခြင်းက ပုံမှန်အတိုင်းဆက်ပြီးမကြီးထွားနိုင်ပါဘူး။ သန္ဓေအောင်ပြီးတဲ့မျိုးဥက ဆက်ပြီးအသက်မရှင်နိုင်သလို ကြီးထွားလာတဲ့တစ်သျှူးတွေက အမေရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုဖျက်ဆီးနိုင်ပါတယ်။ ဒါကိုမကုသပဲထားရင် သွေးထွက်လွန်ပြီးအသက်ဆုံးရှုံးနိုင်ပါတယ်။

ရောဂါလကဏာများ

         အစပိုင်းမှာတော့ ဘာရောဂါလက္ခဏာမှ မပြတတ်ပါဘူး။ တစ်ခါတစ်ရံတော့ ပုံမှန်ကိုယ်ဝန်တွေလိုပဲ ရာသီသွေးပျောက်ခြင်း၊ ရင်သားနာခြင်း၊ ပျို့အန်ခြင်း စတဲ့လက္ခဏာတွေကိုခံစားရတတ်ပါတယ်။ ဆီးစစ်ကြည့်ရင် ကိုယ်ဝန်ရှိတယ်လို့ပြနေပေမယ့် ပုံမှန်အတိုင်းတော့ ဆက်ပြီးမကြီးနိုင်ပါဘူး။ ဗိုက်အောက်ပိုင်းအောင့်ပြီး မိန်းမကိုယ်မှသွေးအနည်းငယ်ဆင်းခြင်းကတော့ သားအိမ်ပြင်ပသန္ဓေတည်ခြင်းကိုပြတဲ့ သတိထားရမယ့်လက္ခဏာဖြစ်ပါတယ်။ သားဥပြွန်မှသွေးတွေစိမ့်ထွက်နေမယ်ဆိုရင်တော့ သွေးတွေဘယ်နေရာမှာ အိုင်နေတယ်ဆိုတာကိုမူတည်ပြီး ပုခုံးနာခြင်း၊ ဝမ်းသွားချင်သလိုဖြစ်ခြင်းတွေ ခံစားရနိုင်ပါတယ်။ သားဥပြွန်ပေါက်ထွက်သွားရင်တော့ ဗိုက်ထဲမှာသွေးအလွန်အကျွံထွက်ပြီး ခေါင်းကိုက်ခြင်း၊ မိုက်ကနဲဖြစ်ခြင်းနဲ့ သွေးလန့်ခြင်း (shock ) ဖြစ်နိုင်ပါတယ်။

ရောဂါဖြစ်စေသော အကြောင်းအရင်းများ

         သားဥပြွန်ပျက်စီးနေလို့ (သို့) ရောင်ရမ်းခြင်းကြောင့် သားဥပြွန်ပုံပျက်နေလို့ ဖြစ်နိုင်ပါတယ်။ ဟော်မုန်းမညီမျှမှုနဲ့ သန္ဓေအောင်တဲ့မျိုးဥ ပုံမှန်မကြီးထွားခြင်းတွေကလည်း အရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်။

ဖြစ်နိုင်ချေများသောအချက်များ
        ကိုယ်ဝန်ဆောင် 1,000 မှာ 20 လောက်က သားအိမ်ပြင်ပမှာ သန္ဓေတည်တတ်ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။

1. ယခင်က သားအိမ်ပြင်ပသနေတည်ဖူးခြင်း - သားအိမ်ပြင်ပမှာ တစ်ခါသန္ဓေတည်ဖူးခြင်း နောက်တစ်ခါဖြစ်နိုင်ချေပိုများပါတယ်။
2. ရောင်ရမ်းခြင်းနှင့် ရောဂါပိုးဝင်ခြင်း - သားဥပြွန်ရောင်ခြင်း၊ သားအိမ်၊ သားဥအိမ်နှင့် သားဥပြွန်များကို ရောဂါပိုးဝင်ခြင်းတွေကြောင့် သားအိမ်ပြင်ပမှာ သန္ဓေတည်ခြင်းဖြစ်တတ်ပါတယ်။ Gonorrhea, Chlamydia ပိုးတွေကြောင့် ဖြစ်တတ်ပါတယ်။
3. မျိုးပွားခြင်းနှင့်ပတ်သက်သော ပြဿနာများ - သားသမီးရဖို့ အခက်အခဲရှိသူတွေနဲ့ မျိုးပွားစေတဲ့ဆေးတွေသောက်သုံးနေသူတွေဟာ သားအိမ်ပြင်ပ၌သန္ဓေတည်ခြင်းနဲ့ ဆက်စပ်နေပါတယ်။
4. သားဥပြွန်တည်ဆောက်မှုပုံစံ - ပုံမမှန်တဲ့ သားဥပြွန်၊ ခွဲစိတ်မှုကြောင့်ပဲဖြစ်ဖြစ် အကြောင်းတစ်စုံတစ်ရာကြောင့် ပျက်စီးနေတဲ့သားဥပြွန်တွေကြောင့် သားအိမ်ပြင်ပမှာ သန္ဓေတည်တတ်ကြပါတယ်။ သားဥပြွန်ကိုပြန်လည်ပြုပြင်တဲ့ ခွဲစိတ်မှုတွေကတောင် အဖြစ်များစေပါတယ်။
5. သနေတားဆေးများ (ဖြစ်နိုင်ခြေအလွန်နည်း) - သားအိမ်အတွင်းမှာ သန္ဓေတားတဲ့ပစ္စည်းထည့်ထားတဲ့သူတွေမှာ ကိုယ်ဝန်ရလေ့မရှိပါဘူး။ ကိုယ်ဝန်ရခဲ့မယ်ဆိုရင်တော့ သားအိမ်ပြင်ပမှာသန္ဓေတည်ဖို့များပါတယ်။ အမြဲတမ်းသန္ဓေတားတဲ့နည်းလမ်းဖြစ်တဲ့ သားဥပြွန်ချည်ထားခြင်းမှာလဲ ဒီလိုပါပဲ၊ ကိုယ်ဝန်ဆောင်နိုင်ချေနည်းသလို ကိုယ်ဝန်ရခဲ့မယ်ဆိုရင်လည်း သားအိမ်ပြင်ပမှာတည်နိုင်ပါတယ်။
6. ဆေးလိပ်သောက်ခြင်း - ကိုယ်ဝန်မဆောင်မီ ဆေးလိပ်သောက်ခြင်းက သားအိမ်ပြင်ပ၌ သန္ဓေတည်ခြင်းဖြစ်နိုင်ချေများပါတယ်။ များများသောက်လေလေ ဖြစ်နိုင်ချေများလေလေပါပဲ။


နောက်ဆက်တွဲဆိုးကျိုးများ

          ကုသမှုမခံယူလျှင် သားဥပြွန်ပေါက်ထွက်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။

စမ်းသပ်မှုများနှင့် ရောဂါဖော်ထုတ်ခြင်း
          ဆရာဝန်က သားအိမ်ပြင်ပမှာ သန္ဓေတည်တယ်လို့သံသယရှိရင် မိန်းမကိုယ်ကိုစမ်းသပ်ပြီး အောင့်ခြင်းနာခြင်းရှိမရှိ၊ သားဥပြွန် (သို့) သားဥအိမ်မှာ အလုံးရှိ/မရှိ ကြည့်ပါလိမ့်မယ်။ ဒီလို ခန္ဓာကိုယ်ကို စမ်းသပ်ကြည့်ရုံနဲ့တော့ ရောဂါမသတ်မှတ်နိုင်ပါဘူး။

         သွေးစစ်ခြင်း၊ ultrasound ရိုက်ခြင်းတွေပြုလုပ်ပြီးမှ ရောဂါကိုသေချာသတ်မှတ်နိုင်ပါမယ်။ ပုံမှန် အာထရာလ်ဆောင်းကတော့ မြန်နှုန်းမြင့်အသံလှိုင်းတွေကိုအသုံးပြုပြီး ဝမ်းဗိုက်ပေါ်ကနေရိုက်တာပါ။ ဒါပေမယ့် ကိုယ်ဝန်အစောပိုင်းမှာ သားအိမ်နဲ့ သားဥပြွန်တွေက ဝမ်းဗိုက်မျက်နှာပြင်ထက်စာရင် မိန်းမကိုယ်ပေါက်နဲ့ပိုနီးပါတယ်။ ဒါကြောင့် မိန်းမကိုယ်ကနေထည့်ပြီးရိုက်တဲ့ အာထရာလ်ဆောင်းနဲ့ ရိုက်နိုင်ပါတယ်။ (transvaginal ultrasound)

         တစ်ခါတစ်ရံမှာ ကိုယ်ဝန်ကို အာထရာလ်ဆောင်းရိုက်ပြီး သိနိုင်ဖို့ကစောလွန်းနေတတ်ပါတယ်။ အဖြေက မသေချာဘူးဆိုရင်တော့ ဆရာဝန်က သားအိမ်ပြင်ပမှာ သန္ဓေတည်နေတယ်လို့သေချာတဲ့အထိ သွေးအဖြေနဲ့စောင့်ကြည့်နေမှာပါ။ များသောအားဖြင့် ကိုယ်ဝန်စရှိပြီး 4-5 ပတ်လောက်အကြာမှာ သိနိုင်ပါတယ်။

         သွေးတွေအများကြီးထွက်နေတဲ့ အရေးပေါ်အခြေအနေမှာဆိုရင်တော့ ဗိုက်ခွဲပြီးတော့ ရောဂါဖော်ထုတ်ခြင်းနဲ့ ကုသခြင်းကို တစ်ပြိုင်နက်တည်း ပြုလုပ်ဖို့လိုပါတယ်။


ကုထုံးများနှင့် ဆေးဝါးများ
          သန္ဓေအောင်တဲ့ မျိုးဥက သားအိမ်ပြင်ပမှာ ပုံမှန်အတိုင်းဆက်ပြီး မကြီးထွားနိုင်ပါဘူး။ အသက်ဆုံးရှုံးနိုင်တဲ့ အခြေအနေတွေကို ရှောင်နိုင်ဖို့အတွက် သားအိမ်ပြင်ပက တစ်သျှူးတွေကိုဖယ်ထုတ်ဖို့လိုပါတယ်။

Methotrexate ထိုးဆေး - ရောဂါစောစောဖော်ထုတ်နိုင်ရင်တော့ methotrexate ထိုးခြင်းဖြင့် ဆဲလ်ကြီးထွားမှုကို ရပ်တန့်စေနိုင်ပြီး ရှိပြီးသားဆဲလ်တွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ HCG ပမာဏများနေဦးမယ်ဆိုရင်တော့ methotrexate နောက်တစ်ကြိမ်ထပ်ထိုးရပါမယ်။

laproscopic surgery - များသောအားဖြင့်တော့ သားအိမ်ပြင်ပသန္ဓေတည်ခြင်းကို laproscopic surgery နဲ့ကုသနိုင်ပါတယ်။ laproscopic surgery ဆိုတာ ချက် (သို့) ချက်နားမှာ ခွဲကြောင်းသေးသေးလေးပေးပြီး ကင်မရာနဲ့အထဲကိုကြည့်ပြီး ခွဲခြင်းဖြစ်ပါတယ်။ တခြားကိရိယာတစ်ခုကို ဒီကင်မရာနဲ့တပ်ထားတဲ့ပြွန်ထဲ ထပ်ထည့်ပြီးဖြစ်ဖြစ် တခြားခွဲကြောင်းလေးတစ်ခုခုကပဲဖြစ်ဖြစ် ထည့်သွင်းပြီး တစ်သျှူးတွေကိုဖယ်ထုတ်ခြင်း၊ သားဥပြွန်ပြန်လည် ပြုပြင်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ သားဥပြွန်က အတော်ကိုပျက်ဆီးနေပြီဆိုရင်တော့ ဒီပြွန်ကို ဖယ်ထုတ်လိုက်ဖို့လိုပါတယ်။

သွေးတွေအလွန်အကျွံထွက်နေတယ်ဆိုရင် (သို့) သားဥပြွန်ပေါက်ထွက်သွားတယ်ဆိုရင်တော့ ဗိုက်ခွဲပြီးအရေးပေါ် ကုသရပါမယ်။ တစ်ခါတစ်ရံမှာ သားဥပြွန်ကိုပြန်ပြင်လို့ရတတ်သော်လည်း များသောအားဖြင့်တော့ သားဥပြွန်ကို ထုတ်ပစ်လိုက်ရတာများပါတယ်။ ခွဲစိတ်မှုပြီးရင် သွေးထဲမှာ HCG ပမာဏကိုစစ်ကြည့်ပြီး သားအိမ်ပြပကတစ်သျှူးတွေကုန်မကုန်စောင့်ကြည့်ပါမယ်။ HCG မြန်မြန်မကျဘူးဆိုရင်တော့ methotrexate ဆေးထိုးဖို့လိုအပ်ပါတယ်။

ကာကွယ်ခြင်း
         သားအိမ်ပြင်ပ၌သန္ဓေတည်ခြင်းကို ကာကွယ်လို့မရသော်လည်း ဖြစ်နိုင်ချေတွေကိုတော့ လျော့ကျအောင် လုပ်လို့ရပါတယ်။ ဥပမာ - လိင်ဆက်ဆံတိုင်းကွန်ဒုံးသုံးခြင်းဖြင့် လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကိုကာကွယ်နိုင်ပြီး သားအိမ်နဲ့ မျိုးပွားအင်္ဂါရောင်ရမ်းခြင်းဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။ ကိုယ်ဝန်မဆောင်ခင်မှာ ဆေးလိပ်ဖြတ်ခြင်းကလည်း ဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။

မိသားစုမှ ဖေးမကူညီခြင်း

         ကိုယ်ဝန်ဆုံးရှုံးခြင်းက ယူကျူံးမရအောင်ဝမ်းနည်းစေပါတယ်။ ဒါကြောင့် ဆုံးရှုံးမှုကိုလက်ခံပြီး စိတ်သက်သာရာရဖို့အချိန်ယူပါ။ ကိုယ့်ရဲ့အိမ်ထောင်ဖက်၊ မိဘတွေနဲ့ မိတ်ဆွေတွေရဲ့အထောက်အပံ့နဲ့ အားပေးမှုကိုလက်ခံပါ။ အထောက်အပံ့ပေးတဲ့အဖွဲ့တွေ၊ နှစ်သိမ့်ဆွေးနွေးသူတွေနဲ့ အခြားစိတ်ပိုင်းဆိုင်ရာအထောက်အပံ့ပေးသူတွေကို ရှာဖွေပါ။

         သားအိမ်ပြင်ပမှာ သန္ဓေတည်ဖူးတဲ့ အမျိုးသမီးအများစုက ပုံမှန်ကိုယ်ဝန်ပြန်ရှိတတ်ပါတယ်။ သားဥပြွန်တစ်ဖက်ကို ထုတ်လိုက်ရရင်တောင် နောက်တစ်ဖက်ထဲမှာ မျိုးအောင်နိုင်ပါသေးတယ်။
         သားဥပြွန်နှစ်ဖက်စလုံးပျက်စီးသွားလို့ ထုတ်လိုက်ရရင်တောင် ခန္ဓာကိုယ်ပြင်ပမှာ သန္ဓေအောင်အောင် လုပ်လို့ရတဲ့နည်းလမ်းတွေရှိပါတယ်။ ဒီနည်းကတော့ mature ဖြစ်တဲ့ မမျိုးဥတွေကို ဓာတ်ခွဲခန်းမှာ သန္ဓေအောင်အောင်လုပ်ပေးပြီး သားအိမ်ထဲကိုပြန်ထည့်လိုက်တာပါ။
        ကိုယ်ဝန်ထပ်လိုချင်တယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီးအကြံဉာဏ်ရယူပါ။ စောစောဆေးစစ်ခြင်း၊ ultrasound ရိုက်ခြင်းတွေပြုလုပ်ခြင်းဖြင့် သားအိမ်ပြင်ပသန္ဓေတည်ခြင်းကို ချက်ချင်းသိအောင်လုပ်ပါ (သို့) ကိုယ်ဝန်က ပုံမှန်အတိုင်းကြီးထွားနေလားဆိုတာကို သေချာအောင်စောင့်ကြည့်နေပါ။

Dr. Mya Myo Myo Swe
www.drmyanmar.com

No comments:

Post a Comment

Post Top Ad