ကိုယ်ဝန်ဆောင်ချိန်တွင် လေ့ကျင့်ခန်းပြုလုပ်ခြင်းက ကိုယ်ဝန်ဆောင်မိခင်အား ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ကျော်မသွားစေရန် ထိန်းသိမ်းပေးခြင်း၊ ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်လေ့ရှိတဲ့ ဆီးချိုသွေးချိုရောဂါ (Gestational Diabetes) ဖြစ်ပွားနှုန်းကို လျော့ချပေးနိုင်ခြင်း၊ ကိုယ်လက်ပေါ့ပါးစေခြင်း၊ ကလေးမီးဖွားရာတွင် ပိုမိုလွယ်ကူချောမွေ့စေခြင်း စတဲ့ အကျိုး ကျေးဇူးတွေကို ရရှိခံစားစေပါတယ်။
ဒါ့အပြင် လေ့လာမှုအသစ်များအရ ကိုယ်ဝန် 29 ပတ်နောက်ပိုင်းတွင် လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်ပါက မိခင်အတွက်သာမက မွေးဖွားလာမယ့် ကလေးငယ်အတွက်ပါ အကျိုးထူးတွေဖြစ်စေနိုင်တယ်လို့ သိရပါတယ်။
မိခင်နှင့်ကလေး 826 ယောက်ကို လေ့လာပြီးတဲ့နောက်မှာ ကိုယ်ဝန်ဆောင်ကာလတတိယ 3 လ မှာ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်တဲ့ မိခင်က မွေးဖွားလာတဲ့ ကလေးတွေဟာ အခြားသောကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ထက် ပိုမိုကျစ်လစ်ပြီး အဆီထု 41 ဂရမ် နည်းနေတာကို တွေ့ရတယ်လို့ The Journal of Obstetrics and Gynecology မှာ ဖော်ပြထားပါတယ်။
ကိုယ်ဝန်တတိယကာလ 3 လဟာ သန္ဓေသားရဲ့ အဆီတစ်သျှူး အများစုဖွံ့ဖြိုးတဲ့ ကာလဖြစ် တာကြောင့် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်းက ကလေးငယ်အ၀မလွန်အောင် ထိန်းသိမ်းပေးနိုင်ပြီး ပိုမိုကောင်းမွန်စွာကြီးထွားလာအောင်ကူညီပေးမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်းလုပ်ဖို့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ လမ်းလျှောက်ခြင်းကဲ့သို့သော မပြင်းထန် တဲ့ လေ့ကျင့်ခန်းများကို တစ်နေ့မိနစ် 30 ခန့် နေ့စဉ်ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။
Dr. Htet Htet Aung
www.drmyanmar.com



No comments:
Post a Comment